ရှိရင်းစွဲအသက်ထက် သိသိသာသာ နုပျိုသွားစေမယ့် နည်းလမ်း (၆) ချက်
အသက်အရွယ်ဆိုတာ ရပ်တန့်လို့်မရသလို အသက်ကြီးလာတာကိုလဲ တားဆီးလို့မရနိုင်ပါဘူး၊ ဒါပေမယ့်… နုပျိုခြင်းကိုတော့ သင်ကိုယ်တိုင် ဖန်တီးလို့ရနိုင်ပါတယ်… ရွယ်တူတွေကြားထဲမှာ နုပျိုတဲ့ အသွင်ပေါက်နေစေဖို့…. အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါလို့ ပြောနိုင်ဖို့ဆိုရင် သင်ဘာတွေကို သိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) နေရောင်ခြည်ကို ကာကွယ်ပါ
နုပျိုခြင်းကို ဖျက်ဆီးမယ့် တရားခံက ခရမ်းလွန်ရောင်ခြည်ပါပဲ…. UVA နဲ့ UVB က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပြီး အသားအရေပျက်စီးတာ၊ ပါးရေတွန့်တာ၊ အရေးအကြောင်း၊ တင်းတိပ်နဲ့ အသားအရေ မညီညာတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်း SPF အနည်းဆုံး 30 ပါဝင်တဲ့ နေလောင်ကာ ခရမ်ကိုဆောင်ထားပါ။ နေရောင်ခြည်နဲ့ မထိတွေ့နိုင်ဖို့ အတတ်နိုင်ဆုံး ကာကွယ်ပါ။
(၂) ရေများများသောက်ပါ
ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေက ခြောက်သွေ့ပြီး အရေးအကြောင်းတွေ ပိုဖြစ်စေလို့ သင့်ကို ပိုအိုမင်းသယောင် ထင်ရပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘဝမှာ ရေဓါတ်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက် သောက်ပေးပါ။ ရေဓါတ်ပြည့်ဝခြင်းက အရေပြားရဲ့ ဆဲလ်တွေကို ပြန်လည်အားဖြည့်ပေးပြီး ကျန်းမာနုပျိုစေပါတယ်။
(၃) ပြည့်ပြည့်ဝဝ အနားယူပါ
အိပ်ရေးမဝတဲ့အခါ မျက်တွင်းညိုတာ၊ အသားအရေကြည်လင်မှုမရှိသလို ကျန်းမာရေးကိုလဲ ထိခိုက်စေပါတယ်…. အိပ်စက်ချိန်မှာ ခန္ဓာကိုယ်အနားရစေသလို ဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားဖို့ကိုလဲ အထောက်အကူပြုပါတယ်… ဒါ့ကြောင့် အိပ်ရေးဝဝနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ လိုပါတယ်။
(၄) အစားအသောက်ကို သင့်တင့်စွာ စားပါ
သဘာဝကရတဲ့ အသီးအနှံ၊ ပဲ၊ အစိမ်းရောင်အရွက်တွေက အသားအရေကိုလဲ လှပစေသလို လိုအပ်တဲ့ ဗီတာမင်၊ Antioxidant တွေပါဝင်လို့ အရွယ်တင်နုပျိုစေပါတယ်။ အသင့်စားအစားအစားတွေ၊ အချိုဓါတ်၊ အငန်ဓါတ်များလွန်းတာတွေကိုတော့ ရှောင်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကဖင်းဓါတ်နဲ့ အရက်၊ ဆေးလိပ်ကလဲ သင့်ကို အိုမင်းရင့်ရော်စေလို့ လျှော့ပေးဖို့ အရေးကြီးပါတယ်။
(၅) ကိုယ်လက်လှုပ်ရှားပေးပါ
ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်က သင့်ကို ရွယ်တူတွေကြားထဲမှာ နုပျိုစေဖို့ အထောက်အကူပေးပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက သွေးလှည့်ပတ်မှုကိုလဲ ကောင်းစေသလို အောက်စီဂျင်လဲ အလုံအလောက်ရစေပြီး ကျန်းမာရေးကိုလဲ ပိုကောင်းစေပါတယ်။
(၆) Skincare ပုံမှန် လုပ်ပေးပါ
Skincare သေချာလုပ်တဲ့သူနဲ့ Skincare ကို ပုံမှန် မလုပ်ဖြစ်တဲ့သူဟာ အချိန်ကြာလာတာနဲ့အမျှ အရမ်းကွာခြားတာကို တွေ့ရပါတယ်။ မျက်နှာ ပုံမှန်သစ်တာ အသားအရေအစိုဓါတ်ထိန်းခရမ်သုံးတာ၊ တိုနာသုံးတာ၊ နေလောင်ကာခရမ်သုံးတာလိုမျိုး အသားအရေကို သေသေချာချာ ဂရုစိုက်တဲ့သူတွေဟာ ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီး နုပျိုစေပါတယ်။
အခုပြောခဲ့တဲ့ အချက် (၆) ချက်က သင့်ကို အသက်အရွယ်ထက် ပိုမိုနုပျိုစေမှာ အသေချာပါပဲနော်…
ယုဝါ (ဆေးဝါးကျွမ်းကျင်)